နှုတ်ခမ်းနီမလေးများအတွက် မင်္ဂလာသတင်း
30-Oct-2016အင်တာနက် စာမျက်နှာတစ်ချို့မှာ နှုတ်ခမ်းနီတစ်ချို့ဟာ ခဲ ပါဝင်မှုများလိုု့ ကင်ဆာဖြစ်စေနိုင်ကြောင်း၊ အဆိပ်ဖြစ်စေနိုင်ကြောင်းတွေရေးသားဖော်ပြကြတာကိုု စာရေးသူ မကြာခဏတွေ့ဖူးပါတယ်။ တစ်ချို့ စာမျက်နှာတွေမှာဆိုုရင် နံမည်ကြီး နှုတ်ခမ်းနီတံဆိပ်တစ်ချို့ကိုုပါ ထည့်သွင်းဖော်ပြထားတာကိုုတွေ့ရတယ်။ ဒါကြောင့် တကယ်ပဲ ပျိုမေတိုု့ရဲ့လက်စွဲ နှုတ်ခမ်းနီ၊ နှုတ်ခမ်းဆိုုးဆေး Lipstick တွေဟာ အန္တရာယ်ဖြစ်စေနိုင်သလားဆိုုတာ စဉ်းစားစရာဖြစ်နေတာမိုု့ ခဲ ဆိပ်သင့်တဲ့ ကျန်းမာရေးပြဿနာအချို့အကြောင်းကိုု လေ့လာရင်း နှုတ်ခမ်းနီ (သိုု့) အလှကုုန်ပစ္စည်းတွေရဲ့ ခဲဆိပ်သင့်မှုနဲ့ ပတ်သက်ပြီး လက်လှမ်းမှီလေ့လာမိသလောက် ဆွေးနွေးတင်ပြဖိုု့ စိတ်ကူးမိပါတယ်။
နိဒါန်းချီရမယ်ဆိုုရင် ပုုံမှန်အားဖြင့်လည်း စာရေးသူတိုု့ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုုန်ပစ္စည်းတွေမှာ ဓာတုုပစ္စည်း၊ ဇီဝပစ္စည်း အမျိုးမျိုး ပါဝင်တတ်ကြပါတယ်။ ဒါဆိုုရင် နှုတ်ခမ်းနီမှာ ခဲပါဝင်မှုတွေဟာ ပြဿနာဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ ခဲဆိပ်သင့်မှုအကြောင်းကိုု မဆွေးနွေးမှီ ရှေးဦးစွာ ခဲဆိပ်သင့်တာနဲ့ ပတ်သက်ပြီး အတန်ငယ် ဆွေးနွေးကြည့်ကြရအောင်ပါ။
စာရေးသူတိုု့ ပတ်ဝန်းကျင်မှာ ဒြပ်ပစ္စည်းပေါင်းများစွာ ရှိတဲ့အနက်မှာမှ တစ်ချို့ပစ္စည်းတွေဟာ ခန္ဓာကိုုယ်ကိုု အကျိုးပြုတတ်ပါတယ်။ ဥပမာ သံဓာတ်၊ ဇင့်ဓာတ် စတာတွေပါ။ ဒီလိုုဆိုုရင် ခဲ ဓာတ်ကရော အကျိုးပြုနိုင်တဲ့ ပစ္စည်းတစ်ခုပါလား ဆိုတာကို လေ့လာကြည့်တဲ့အခါမှာ ခဲ ဟာ လူ့ခန္ဓာကိုယ်အတွက် မလိုုအပ်တဲ့ ပစ္စည်းတစ်ခုု၊ အဆိပ်သာ ဖြစ်စေတတ်တဲ့ ပစ္စည်းတစ်ခုအနေနဲ့သာ ရပ်တည်ပါတယ်။ ဒါကြောင့် ဒီ ခဲ နဲ့ စာရေးသူတို့ ခန္ဓာကိုယ်နဲ့ ထိတွေ့ဖို့ဆိုတာဟာ အဓိကအားဖြင့် နှစ်နည်းနဲ့ ဖြစ်နိင်ပါတယ်။ ခဲ ပါတာတွေ စားသုံးမိတာ နဲ့ လေကနေရှူရှိုက်မိတာပါပဲ။
ဒါဆိုုရင် စာရေးသူက ခဲဆိပ်သင့်နဲ့ပတ်သက်ပြီးတော့ ခဲ အမျိုးအစားနှစ်မျိုး အကြောင်းအတန်ငယ် ပြောချင်ပါသေးတယ်။ ခဲမှာမှ Organic Lead နဲ့ Inorganic Lead ဆိုုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ကာဘွန်မပါတဲ့ Inorganic Lead ဟာ အိမ်သုုတ်ဆေး အပါအဝင် ကြွေထည်ပစ္စည်း၊ လူသုံုးကုုန်ပစ္စည်း၊ ပလပ်စတစ်တွေ၊ စားသောက်ကုုန်တွေမှာ ပါဝင်တတ်ပါတယ်။ Organic Lead ဆိုုတဲ့ ကာဘွန်ပါတဲ့ခဲအမျိုးအစားကတော့ ဓာတ်ဆီလိုုမျိုးမှာ ယခင်က သုံးစွဲလေ့ရှိကြတယ်။ ဒါပေမယ့် Organic Lead ဟာ ဦးနှောက်ကို ထိခိုက်နိုင်မှု အင်မတန်များတဲ့အတွက် နောက်ပိုုင်းမှာ ဒီ ခဲ အမျိုးအစားသုံးတဲ့ ဓာတ်ဆီတွေသုံးစွဲခွင့်ကို ပယ်ဖျက်လိုက်ကြပါတယ်။
ဒါကြောင့် ခဲ ဆိပ်သင့်တယ်လို့ ပြောဖိုု့ရာမှာလည်း ခဲပမာဏအများကြီးနဲ့ exposure ရတာ၊ ထိတွေ့မိတာကြောင့် ချက်ချင်းလက်ငင်း ခဲ ဆိပ်သင့်တဲ့ Acute Lead Poisoining နဲ့ တဖြေးဖြေးချင်း ခဲဆိပ်သင့်တဲ့ Chronic Lead Poisoning ရယ်လို့ နှစ်မျိုးပြန်ခွဲနိုင်ပါတယ်။
အဲ့ဒီမှာမှ Acute Lead Poisoning ဟာ လက္ခဏာတွေ ပိုသိသာပြီး သုံးမျိုးပြန်ခွဲထားလေ့ရှိပါတယ်။
ဘယ်လိုခွဲထားသလဲဆိုုရင်တော့ -
(၁) အနည်းငယ်မျှဖြစ်တဲ့ Mild Toxicity
(၂) အလယ်အလတ် ထိခိုက်စေနိုင်တဲ့ Moderate Toxicity နဲ့
(၃) ဆိုုးရွားစွာအန္တရာယ်ဖြစ်စေနိုင်တဲ့ Severe Toxicity ဆိုုပြီး သုံးမျိုးခွဲခြားထားပါတယ်။
Mild Toxicity လောက်ပဲဖြစ်တဲ့သူဆိုုရင်တော့ ခဲဆိပ်သင့်ပြီးနောက်မှာ ကြွက်သားတွေနာမယ်၊ ကိုုယ်တွေလက်တွေလေးလံနေမယ်၊ နုံးမယ် စတဲ့လက္ခဏာတွေ ရှိတတ်ပြီး ရံဖန်ရံခါလည်း ဗိုုက်ထဲကသရိုးသရီဖြစ်တတ်ပါတယ်။ ဒါပေမယ့် Moderate Toxicity လောက်အထိဖြစ်သူတွေဆိုုရင်တော့ နုံးတာ နဲ့ ကြွက်သားတွေညောင်းညာတာအပြင် အရိုုးအဆစ်တွေနာတာ၊ ခေါင်းကိုုက်တာ၊ အန်တာ၊ ဝမ်းချုပ်တာ၊ ဗိုုက်တစ်ပြင်လုံးအောင့်တာ၊ အာရုံစူးစိုုက်နိုင်ဖိုု့ခက်ခဲတာ၊ ပိန်ကျသွားတာ စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါမယ်။
နောက်ဆုံး Severe Toxicity ဆိုုရင်တော့ ဗိုုက်ထဲက ရစ်ရစ်ပြီးအောင့်တာအပြင် ထူးခြားတာတစ်ခုုက သွားဖုံုးမှာ အပြာခပ်ရင့်ရင့် လိုုင်းတစ်လိုုင်း (Blue-Black Lead Line) ဆွဲထားသလိုဖြစ်နေတာကိုု တွေ့ရတတ်ပါတယ်။ ဒီ Severe Toxicity ရတတ်တာကတော့ သွေးထဲမှာ ခဲပမာဏ (Lead Blood Concentrations) 100 micrograms per decilitre ကျော်တဲ့အခါမှာဖြစ်လေ့ရှိပြီး ဦးနှောက်နှင့်အာရုံကြောဆုုိင်ရာကိုု ဆိုုးရွားစွာထိခိုုက်နိုင်တဲ့အတွက် ကိုယ်လက်အကြောသေတာ၊ အကြောဆွဲတာတွေဖြစ်နိုင်ပြီး Encephalopathy ဆိုုတာဖြစ်စေတဲ့အတွက် တက်တာ၊ သတိလစ်သွားတာ၊ မေ့မျောနေတတ်တဲ့ Coma ဖြစ်စေနိုင်ပါတယ်။ နောက်ဆုံးမှာ အသက်ဆုံးရှံးမှုအထိပါဖြစ်စေနိုင်တဲ့အတွက် ခဲဆိပ်သင့်တယ်ဆိုုတာဟာ မပေါ့ဆသင့်တဲ့ခေါင်းစဉ်တစ်ခုုဖြစ်ပါတယ်။
ဒါကြောင့် နိဒါန်းကိုပြန်ကောက်ကြရမယ်ဆိုရင် စာရေးသူတို့ လူသုံးကုုန်ပစ္စည်းတွေမှာ ခဲ ကိုပါဝင်အသုံးပြုတာ စိုုးရိမ်ပူပန်စရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် Estee Lauder, Clinique, Shiseido အစရှိတဲ့ နံမည်ကြီးတံဆိပ်တွေအပါအဝင် အခြား တံဆိပ်တွေ ကိုးမျိုး၊ ဆယ်မျိုးခန့်ဟာ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ ကြီးကြီးမားမားသတင်းမျိုးတွေရဲ့ နောက်ခံကိုလိုက်ကြည့်လိုက်မယ်ဆိုုရင်တော့ ၂ဝဝ၃ ခုနှစ်ခန့်လောက်က email တစ်ချို့ကနေ စတင်ပျံ့နှံ့ခဲ့ကြောင်း သိရပါတယ်။ အဲ့ဒီအချိန်ကစလို့ ဒီ email ကိုပဲ ပုံစံအမျိုးမျိုးနဲ့ အင်တာနက်ပေါ်မှာ ဖြန့်ဝေ ရေးသားသူတွေ၊ ကူးယူဖော်ပြသူတွေရှိလာခဲ့တယ်။
ဒီလိုရေးသားမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရမယ်ဆိုုရင်တော့ စာရေးသူတို့ အထက်မှာ လေ့လာပြီးသော ဒီ ခဲ (Lead) ဆိုတဲ့ ပစ္စည်းဟာ ခန္ဓာကိုုယ်ကို အဆိပ်ဖြစ်စေနိုင်ပြီး ကင်ဆာဖြစ်စေတဲ့ human carcinogen ပစ္စည်းတစ်ခုအနေနဲ့ သတ်မှတ်ထားကြတာမှန်ပါတယ်။ ဒါပေမယ့် ဒီလိုု ခဲ တွေကိုပဲ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့အညီထုတ်လုပ်ဖိုု့၊ အရောင်ခြယ်ပစ္စည်းတွေအနေနဲ့ ထည့်သွင်းအသုံးပြုထားကြဖို့ကို FDA (Food and Drug Association) တွေကနေ လက်ခံထားပြီးသားပါ။ ဒါပေမယ့် နှုတ်ခမ်းနီတွေမှာ ခဲ ပါဝင်မှုနဲ့ ပတ်သက်ပြီး စိုုးရိမ်မှုတွေ ရှိခဲ့တာဟာ ၁၉၉ဝ ခုုနှစ်ဝန်းကျင်ခန့်ကဖြစ်ခဲ့တယ်လိုု့ Washington Post သတင်းစာကနေဖော်ပြဖူးပါတယ်။
နောက်ပိုင်းမှာလည်း မကြာမကြာဒီလိုပဲ လူထုအကြား စိုုးရွံ့မှုတွေ ရှိနေတဲ့အတွက် ၂ဝဝ၇ ရောက်တဲ့အခါမှာ Campaign for Safe Cosmetics တစ်ခုကနေ အစပြုလိုု့ နှုတ်ခမ်းဆိုုးဆေးတွေမှာ ခဲပါဝင်မှုကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းဖို့ အစိုးရကိုဖိအားပေးလာကြတယ်။ သူတိုု့ Campaign ကနေစမ်းသပ်လိုက်တဲ့ နှုတ်ခမ်းနီ ၃၃ မျိုးမှာ သုံပုံနှစ်ပုံဟာ ခဲပါဝင်တာကိုတွေ့ရပြီး ထိုအနက်မှ သုံးပုံတစ်ပုံဟာ စားသုံးနိုင်တဲ့ သကြားလုံးတွေမှာ ပါဝင်တဲ့ ခဲပမာဏထက်များနေကြောင်းကိုကြေငြာခဲ့ပါတယ်။ ဒီလိုအဆိုပြုချက်တွေကိုတော့ FDA မှ တာဝန်ရှိသူများက ဒီလိုမျိုး သကြားလုံးက ခဲပမာဏနဲ့ နှုတ်ခမ်းနီက ခဲပမာဏကိုနှိုင်းယှဉ်တာလုံးဝ မမျှတာကြောင်း၊ သိပ္ပံနည်းကျလည်း မမှန်ကန်ကြောင်း ပြန်လည်ချေပခဲ့တယ်။ သကြားလုံးဆိုတာဟာ စားဖို့သီးသန့်ဖြစ်ပြီး နှုတ်ခမ်းနီဆိုတာဟာ ဆိုးဖို့သာဖြစ်တယ်။ မတော်တဆ နှုတ်ခမ်းဆိုးဆေးဟာ ပါးစပ်ထဲဝင်ရင်တောင်မှ အနည်းငယ် ခဲပမာဏသာ ဝင်ရောက်နိုင်တဲ့အတွက် မညီမျှတဲ့ စံနှုန်းဂဏန်းတွေကိုနှိုင်းယှဉ်ထားတာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ FDA ကိုုယ်တိုင်လည်း နှုတ်ခမ်းနီမှာ ခဲပါဝင်မှုကိုလေ့လာဖို့ နှုတ်ခမ်းနီ အမျိုးအစား နှစ်ဆယ် ကို သိပ္ပံနည်းကျ စမ်းသပ်ခဲ့ပါတော့တယ်။ ဒီလိုမျိုး Campaign for Safe Cosmetics ကနေပဲ စွပ်စွဲပြောဆိုုခဲ့တဲ့ နှုတ်ခမ်းနီအမျိုးအစားတွေကိုပဲ တိကျတဲ့ Validated Methods တွေနဲ့ စမ်းသပ်ခဲ့ရမှာတော့ အားလုံးမှာ ခဲပါဝင်နေတာကို မျှော်လင့်ထားတဲ့အတိုင်းတွေ့ရပါတယ်။ ပမာဏကတော့ ဝ.ဝ၉ ppm (parts per million) ကနေ ၃.ဝ၆ ppm အတွင်းတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ စမ်းသပ်နည်းဟာ ဝ.ဝ၄ ppm လောက်ထိပမာဏအနည်းငယ်ကိုတောင် တွေ့ရှိနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီတွေ့ရှိချက်တွေဟာ မျှော်လင့်ထားတဲ့အတိုင်းသာဖြစ်တယ်၊ ဆိုးဆေးအရောင်ခြယ်ပစ္စည်း Colour additives တွေအနေနဲ့ပြောရမယ်ဆိုရင် နှုတ်ခမ်းနီတစ်ခုထုတ်လုပ်ရာမှာ သတ်မှတ်ပေးထားသလောက် ပမာဏသာဖြစ်တယ်လို့ FDA ကနောက်ဆုံး နိဂုံးချုပ်ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ဒီမျှလောက်နဲ့ စမ်းသပ်မှုတွေကို မရပ်တန့်ခဲ့ပါ။ အမေရိကန်နိုင်ငံ Seattle မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုကနေ ၂ဝ၁ဝ ခုနှစ်ရောက်တဲ့အခါမှာ အမေရိကန် စျေးကွက်အတွင်းမှာရောင်းချနေတဲ့ brand အမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ နှုတ်ခမ်းနီ Lipsticks အချောင်းပေါင်း ၄ဝဝ ကိုထပ်မံပြီး ခဲပမာဏပါဝင်မှုတွေကို FDA စံနှုန်းနဲ့အညီ တိုင်းတာခဲ့ပြန်ပါတယ်။
သူတို့တွေ့ရှိခဲ့တဲ့ ရလဒ်ကတော့ ဒီလို Lipsticks အချောင်း ၄ဝဝ မှာ ခန့်မှန်းခြေ Average Lead ပါဝင်မှုဟာ ၁.၁၁ ppm ဖြစ်ပြီး ပထမအကြိမ် အချောင်း ၂ဝ ခန့်သာစမ်းသပ်ခဲ့တဲ့ Average concentration ၁.ဝ၇ ppm ဆိုတဲ့တန်ဖိုးနဲ့ သိပ်မကွာလှတာကို တွေ့ရှိခဲ့ရပါတယ်။ အချောင်းလေးရာထဲမှာမှ ခဲ အများဆုံးပါဝင်တာကိုတွေ့ရတာကတော့ Maybelline Colour Sensational 125 Pink Petal (7.19 ppm) နဲ့ L’Oreal USA ရဲ့ Colour Riche 410 Volcanic (7.00 ppm) တို့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း အလှကုန်ပစ္စည်းတွေမှာ ရောင်ခြယ်ပစ္စည်းတွေ သုံးစွဲဖို့ရာ ခွင့်ပြုထားတာကတော့ အများဆုံး ၂ဝ ppm ဖြစ်ပါတယ်။
ဒါပေမယ့် ယနေ့အထိ ငြင်းခုုန်စရာဖြစ်နေသေးတာကတော့ FDA မှ အလှကုန်ပစ္စည်းတွေအတွက် စံနှုန်း ခဲ ပမာဏကိုတော့ သီးသန့်သတ်မှတ်ပေးထားခြင်းမရှိသေးပါ ဆိုတဲ့အချက်ပါပဲ။ သို့သော်လည်း စားသောက်ဖွယ်ရာမဟုတ်တဲ့ နှုတ်ခမ်းဆိုးဆေးတွေမှာ ပါဝင်တဲ့ ခဲပမာဏလောက်ကိုတော့ FDA က အန္တရာယ်ရှိတဲ့ ပမာဏလို့မသတ်မှတ်ကြောင်း၊ ကျန်းမာရေးအတွက် စိုးရိမ်လောက်စရာမရှိကြောင်း ၂ဝ၁၁ မှာ တရားဝင် ထုတ်ပြန်ကြေငြာပေးခဲ့တာမို့ Lipstick မြတ်နိုးသူတွေအတွက် အင်တာနက်မှာ ရေဗန်းစားချဲ့ကားပြောနေတဲ့သတင်းတစ်ချို့နဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်နိုင်ရန် ဗဟုသုတအနေနဲ့ ပြန်လည်စုစည်းတင်ပြပေးလိုက်ရပါတယ်။
Healthcare.com.mm
Ref: နေခြည် (ဆေး-၁)
Source: China Today Magazine